Thursday, October 3, 2013
Tuesday, October 1, 2013
GDP ပေတံစောင်းနေသည်။
‘သတိ’ GDP ပေတံစောင်းနေသည်။
GDP ကို နိုင်ငံတစ်နိုင်ငံ (သို့ ) ဒေသတစ်ခု၏ ဖွံ့ ဖြိုးတိုးတက်မှုအားတိုင်းတာသည့်ပေတံ တစ်ခုအနေဖြင့် သုံးခဲ့ကြသည်မှာရာစုနှစ်တစ်ခုနီးပါးရှိခဲ့ကြလေသည်။ ထို့ ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အစိုးရတိုင်းနီးပါးသည် ၎င်း တို့ နိုင်ငံ၏ GDP အားနှစ်စဉ်နှစ်တိုင်း တိုးသထက်တိုးပွားစေရန် ဆောင်ရွက်လျှက်ရှိကြသည်။ သို့ ရာတွင် (၂၀)ရာစု နှောင်းပိုင်းမှစ၍ စီးပွားရေး ၊ လူမှုရေး နှင့် ဒဿန ပညာရှင်အချို့ ၊ နိုင်ငံရေးသမားအချို့ နှင့် ပြည်သူလူထုတစ်ချို့တို့ သည် ဤကဲ့သို့ GDP ကိန်းဂဏန်း တစ်ရပ်တည်းကို အာရုံပြု ကြိုးပမ်းကြသည့် အစိုးရမူဝါဒများကို ဝေဖန် ကန့် ကွက် လာကြပြီး ၎င်းဝေဖန်သံများသည်လည်း (၂၁) ရာစုအစပိုင်း ဖြစ်သည့် ယခုအချိန်တွင် ပို၍ပို၍ ကျယ်လောင်လာကြ သည်။
ထိုဝေဖန်သံများတွင် အကျယ်လောင်ဆုံးသောဝေဖန်မှုတစ်ခုမှာ
စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် ပြည်သူ တို့ ၏ စိတ်ချမ်းသာပျော်ရွင်မှုအားအလိုအလျှောက်မတိုးတက်စေဟူသောထောက်ပြဝေဖန်မှုဖြစ်သည်။
ဥပမာ အနေဖြင့် ဆရာကြီးလူထုစိန်ဝင်း ရေးသားခဲ့သည့် ‘ဖွံ့ ဖြိုးတိုး တက်မှု ကိုအပြုံးနှင့်တိုင်းပါ’
ဟူသော ဆောင်းပါးကို ဖတ်ကြည့်နိုင်သည်။ (http://www.luduseinwin.com/?p=92)
၎င်းဆောင်းပါးတွင် ဆရာကြီးက “နိုင်ငံတစ် နိုင်ငံရဲ့
အဆင့်အတန်းကို အဲဒီနိုင်ငံမှာ ပြုံးနိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ ဆိုတာနှင့်
တိုင်းပါ” ဟုကဗျာ ဆန်ဆန် ရေးသား အကြံပြုခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုထက် စိတ်ပိုင်းဆိုင်ရာ
တိုးတက်မှုက ပိုအရေးကြီး သည် ဆို သည့် အချက်မှာ စာဖတ်သူများအနေ နှင့် ကြားဖူးနားဝရှိပြီး
ဖြစ်မည်ဟု ယုံကြည်ပါသည်။စားရေးသူအ နေဖြင့် လည်း ဤအချက်မှာအရေးကြီးသည့် အချက်ဖြစ်သည်ဟု
ယူဆပြီး အနည်းနှင့်အများ လက်ခံယုံကြည် ပါသည်။ ဤအချက်နှင့်ပတ်သက်၍ လည်း အလျဉ်းသင့်သလိုရေးသားပါအုံးမည်။
သို့ ရာတွင် ယခုဆောင်းပါရေးသားရခြင်းမှာ စီးပွားရေးတိုးတက်မှု
သက်သက်ကိုသာ တိုင်းမည် ဆိုလျှင်လည်း GDP ပေတံသည် ဖြောင့်မတ်သည့်ပေတံမဟုတ်ဘဲ အရေးကြီးသည့်
အားနည်းချက်များ ရှိနေသည်ကို သတိပေး ထောက်ပြလို၍ ဖြစ်ပါသည်။ Gross Domestic
Product (သို့ ) GDP ဟုခေါ်သော ပြည်တွင်းအသားတင်ထုတ်ကုန် တန်ဖိုး သည် ငွေကြေးဖြင့်တိုင်းတာနိုင်သည့်
နိုင်ငံတစ်နိုင်ငံ သို့ မဟုတ် ဒေသတစ်ခုတွင်းတွင် ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများ၏
စုစုပေါင်းတန်ဖိုးဖြစ်သည်။ ဤနေရာတွင် “ ငွေကြေးဖြင့်တိုင်းတာနိုင်ခြင်း” ဆိုသည်မှာ
ငွေရေးကြေးရေး လက်ပြောင်းလက်လွဲမှုကို ဆိုလိုခြင်း
ဖြစ်သည်။ ငွေရေးကြေးရေး လက်ပြောင်းလက်လွဲမှုကို
အဓိက တိုင်းတာခြင်း ဖြစ်သဖြင့် အားနည်းချက်ကြီး နှစ်ရပ် ပေါ်ပေါက်လာပါသည်။ ထိုအားနည်းချက်များမှာ ဆိုးကျိုးများအတွက်သုံးစွဲရသော
ငွေကြေးသုံးစွဲမှုကို GDP တွင် အပေါင်းလက္ခဏာအနေဖြင့် ပါဝင်နေခြင်းနှင့် ငွေကြေးဖြင့်ဝယ်ယူစရာမလိုသော
ကောင်းကျိုးတို့ ကို GDP တွင် ထည့်သွင်းစဉ်းစားမှု မပြုခြင်း ဖြစ်သည်။
မြို့တစ်မြို့ တွင်လေထုညစ်ညမ်းမှု ထူပြောလာသည် ဆိုပါစို့် ။ ၎င်းမြို
့တွင်းရှိ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် ရင်ကျပ်ရောဂါ၊ အဆုတ်ကင်ဆာစသည့်အဆုတ်
နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများ ထူပြော လာပေမည်။ ဤကဲ့သို့ ရောဂါထူပြောလာရသောအကျိုးအားကြောင့် ၎င်းမြို
့၏ ကျန်းမာရေး အသုံးစရိတ် များပြား လာမည်။
ထိုအသုံးစရိတ်များကြောင့် ၎င်းမြို့ ၏ GDP တက်လာမည်။ စာဖတ်သူအနေနှင့် ရောဂါထူပြောလာမှုအား ဖွံ့ ဖြိုးတိုးတက်မှုဟု
ယူဆမည်မဟုတ်။ သို့ သော် GDP ကိန်းဂဏန်းမြင့်မားလာမှုအား
ဖွံ့ ဖြိုးတိုးတက်မှုဟု တထစ်ချ ယူဆမည်ဆိုပါက အထက်ပါ ဥပမာတွင် ရောဂါဘယထူပြောမှုသည် ဖွံ
့ဖြိုးတိုးတက်မှုဟု ထင်မှတ်မှားစရာ ဖြစ်လာမည်။ ရောဂါဘယထူပြောမှုအပြင် မူးယစ်ဆေးဝါး သုံးစွဲသူ
များပြားလာမှု၊ အရက်စွဲသူများပြားလာမှုနှင့် ယာဉ်တိုက်မှုနှုန်း များပြားလာမှုများသည်လည်း
လူမှုအသိုင်းအ၀န်းအတွက် ဆိုးကျိုးဟု ယေဘူယျအားဖြင့် သတ်မှတ်ထားသော်လည်း ရေတိုတွင်
GDP ကိုမြင့်တက်လာစေသောအကြောင်းအရင်းများ ဖြစ်သည်။ ဥပမာ ယာဉ်တိုက်မှုများပြား လာလျှင်
ဆေးဖိုးဝါးခ၊ သဂြိုလ်စရိတ်နှင့် ကားပြုပြင်စရိတ်များအတွက် ငွေကြေးသုံးရပြီး ၎င်းဒေသ၏
GDP ကို တိုးတက် စေပါသည်။ အထက်ပါ အကြောင်းအရာများသည် ဆိုးကျိုးများကို အပေါင်း လက္ခဏာ
အနေဖြင့် တိုင်းတာသည့် GDP ၏အားနည်းချက်တစ်ရပ်ကိုထောက်ပြနေခြင်းဖြစ်သည်။
GDP ၏ ဒုတိယ အားနည်းချက်မှာ ငွေကြေးဖြင့်ဝယ်ယူစရာမလိုသော်လည်း
ဘောဂဗေဒ သဘောအရ (economic value) တန်ဖိုးရှိသည့် ကောင်းကျိုးအချို့ကို ထည့်သွင်းတွက်ချက်မှု
မရှိခြင်းပင်ဖြစ်သည်။ လေကောင်းလေသန့် ၊ မိုးရေ၊ လုပ်အားပေးမှ ရသောလုပ်အားများ၊ ဂေဟစနစ်မှပေးသော
ဝန်ဆောင်မှုများသည် ငွေကြေးဖြင့်ဝယ်ယူစရာမလိုသော်လည်း ငွေကြေးနှင့် တိုင်းတာနိုင်သည့်
တန်ဖိုးရှိသည်။
ဤနေရာတွင် ecosystem Services ဟုခေါ်သော ဂေဟစနစ်မှ
ပေးသောဝန်ဆောင်မှုများ (သို့ ) ဗမာလိုရိုး ရိုးရှင်းရှင်းပြောရလျှင် သဘာဝမှပေးသောအကျိုးအမြတ်များသည်
ယေဘူယျအားဖြင့် GDP တွက်ချက်မှုတွင် မပါဝင်ပါ။
တောအုပ်တစ်ခုရှိ၍ ဘေးပတ်ဝန်းကျင်ရှိ ရွာနှင့်မြို့ များတွင် ရရှိသော အေးမြမှုကို
ဘောဂဗေဒရှုထောင့် တစ်ခု တည်းမှကြည့်လျှင်ပင် တန်ဖိုးရှိသည်။ အကယ်၍ ထိုအေးမြမှု မရှိလျှင် ၀ယ်ယူ သုံးစွဲရသော လေအေးပေးစက်များ၏
တန်ဖိုး၊ ပန်ကာများ၏တန်ဖိုး နှင့် ၎င်းတို့ အတွက် သုံးစွဲသော လျှပ်စစ်မီတာခများ စသည်တို
့ကိုတွက်ချက်လျှင် ထိုသစ်တောမှ ပေးသော အေးမြမှု၏ ငွေကြေးတန်ဖိုးကို အကြမ်းဖျင်း သိနိုင်သည်။ ၎င်းအပြင် ထိုတောအုပ်လေးမှပေးသော အခြား အကျိုးအမြတ်များကိုလည်း
ငွေကြေးဖြင့် ခန့် မှန်း တွက်ချက်နိုင်သည်။
အအေးလွန်မှုကို ကာကွယ်ပေးခြင်း၏ တန်ဖိုးကို အနွေးထည်များ၏ တန်ဖိုး နှင့် ရေနွေးတည်ရာတွင် အသုံးပြုသော လျှပ်စစ်မီတာခများကို
တွက်ချက်၍လည်းကောင်း၊ မိုးရာသီတွင် ရေလျှံ၍ ပျက်စီးဆုံးရူံးမှုများ၏ တန်ဖိုးကို ၎င်းရေဘေးဖြစ်လျှင်
ကုန်ကျမည့် စရိတ်များကို တွက်ချက်ခြင်းဖြင့် လည်းကောင်း၊ နွေရာသီတွင် စီးဆင်းပေးသော
မြစ်ရေ၊ ချောင်းရေတို့ ၏ တန်ဖိုးကို ၎င်းရေခန်းလျှင် ရေရှိရန် တည်ဆောက်ရမည့် ဆည်များ၊
ကန်များ သို့ မဟုတ် အခြားဒေသမှ ၀ယ်ယူရမည့် ရေများ၏ တန်ဖိုးကို တွက်ချက်ခြင်းဖြင့်လည်းကောင်း၊
အင်းဆက်များနှင့် ငှက်ငယ်များ ကောက်ပဲသီးနှံခင်းများအား ကျရောက်ခြင်းမှ ကာကွယ်ပေးခြင်း၏
တန်ဖိုးကို ၎င်းအဖြစ်အပျက်များ ဖြစ်လျှင် ကုန်ကျသည့် စရိတ်များကို တွက်ချက်ခြင်းဖြင့်
လည်းကောင်း၊ သဲမုန်တိုင်းနှင့် လေပွေများ၏ အန္တရာယ်ကို လျှော့ပါးစေခြင်း၏ တန်ဖိုးကို
၎င်းဘေးအန္တရာယ်များ ဖြစ်လျှင် ပျက်စီးဆုံးရူံးမှုများ၏ တန်ဖိုးကို တွက်ချက်ခြင်းဖြင့် လည်းကောင်း
ခန့် မှန်း တွက်ချက်နိုင်သည်။
ဤကဲ့သို့ ထင်သာမြင်သာသည့် (tangible) အကျိုးကျေးဇူးများ
အားလုံးကိုပင် တိုင်းတာမည် ဆိုပါက အတော်အသင့် ထူထပ်သည့် တောအုပ်တစ်ခုတည်း၏ နှစ်စဉ်တန်ဖိုးသည်ပင်လျှင်
ကုဋေ ထောင်နှင့် သောင်းနှင့်ချီ၍ ရှိနိုင်သည်။ သို့ ရာတွင် ၎င်းတန်ဖိုးများသည် GDPတွင်
ထည့်သွင်းတွက်ချက်ထားခြင်း မရှိ။ အကယ်၍ စာရေးသူသည်
သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ထောင်ပြီး ၎င်းသစ်တောအား ငါးနှစ်အတွင်း အပြောင်ရှင်း၍ ခုတ်လိုက်မည်ဆိုပါက
ထိုသစ်များ ကိုရောင်းချ၍ ရသောအကျိုးအမြတ်များသည် GDP ကိန်းဂဏန်းတွင် အပေါင်းလက္ခဏာအနေဖြင့်
ပါဝင်မည်ဖြစ်ပြီး တောအုပ်မှပေးသော ပိုက်ဆံဖြင့် ၀ယ်ယူစရာမလိုသည့် အကျိုးအမြတ်များ ဆုံးရှုံးမှုသည် GDP တွင် အနှုတ်လက္ခဏာ အနေဖြင့် မပါဝင်ချေ။ ထိုကြောင့်
အထက်ပါ ဥပမာတွင် GDP ကိန်းဂဏန်း တစ်ခုတည်း ကြည့်မည်ဆိုပါက ၎င်းကဲ့သို့ စည်းကမ်းမရှိ ထုတ်လုပ်သော
သစ်ထုတ်လုပ်ရေးသည် နိုင်ငံဖွံ့ ဖြိုးတိုးတက်စေသော လမ်းကြောင်း ဖြစ်နေသကဲ့သို့  ထင်မှတ်မှားစရာ
ဖြစ်နိုင်သည်။
GDP ၏ တတိယ အားနည်းချက်ကြီးမှာ (equity)
ဟုခေါ်သော သာတူညီမျှရှိမှုကို ထည့်သွင်း မတွက်ချက် ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမူဝါဒတစ်ခု ချမှတ်သည့်အခါတွင်
သာသူ(winners) နှင့် နာသူ(loosers) အနည်းနှင့်အများ ရှိမည်မှာ အငြင်းပွားဖွယ်ရာ မရှိပါ။
နာသူရှိရုံမျှ သက်သက်ဖြင့် ဤမူဝါဒကို ကန့် ကွက်စရာ မရှိပါ။ သို့ ရာတွင် သာသူတစ်ယောက်သာရှိ၍ နာသူအယောက်တစ်ထောင်ရှိ
မည်ဆိုလျှင် ၎င်းမူဝါဒကို အသေအချာ ပြန်လည်သုံးသပ် ရမည်။ ပို၍ ဆိုးသည်မှာ အကယ်၍ နာသူအယောက်တစ်ထောင်မှာ
ယခင်ကတည်းက ဆင်းရဲသူများ ဖြစ်၍ ၎င်းမူဝါဒ ကြောင့်ကုန်းကောက်စရာ မရှိအောင် နာသွားမည်
ဖြစ်ပြီး သာသူမှာ နဂိုကတည်းက အလွန်အမင်း ချမ်းသာသူ ဆိုပါလျှင် ထိုမူဝါဒအား အကောင်အထည်
မဖေါ်သင့်ဟု ကောက်ချက်ချ နိုင်သည်။
သို့ ရာတွင် GDP ရှုထောင့်တစ်ခုတည်းမှကြည့်လျှင်
နာသူများ ဆုံးရှုံးသည်မှာ (၁၅)သိန်းစီ (သန်း၁၅၀၀ စုစုပေါင်း) ဖြစ်ပြီး သာသူမြတ်သောငွေမှာ
(သန်း၂၀၀၀) ဖြစ်သည် ဆိုပါက ဤမူဝါဒ ၏အကျိုးကြောင့်နိုင်ငံ၏ GDPမှာ သန်း၅၀၀ တက်သွားမည်
ဖြစ်သည်။ ထို့ ကြောင့် ၎င်းဥပမာတွင် GDP တက်သော်လည်းတိုင်းပြည်၏ လူအများစု ဆင်းရဲသွားနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုလျှင် GDP သည် အလွန်အင်အားကြီးသော(Powerful)
စံညွန်းတစ်ခုဖြစ်သော်လည်း အချို့ ကောင်းကျိုးများထည့်မတွက်မိခြင်း ၊ အချို့ ဆိုးကျိုးများကို
ကောင်းကျိုးဟု အမှတ်မှား တွက်မိခြင်း နှင့် သာတူညီမျှရှိမှုကို ထည့်မတွက်ခြင်း စသည့်အားနည်းချက်ကြီး
သုံးရပ်ကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ ဖြိုးတိုးတက် မှုအား တိုင်းတာသည့် ပေတံ(Yardstick)
အဖြစ် သုံးသည့်အခါတွင် အထူးသတိပြုရမည် ဖြစ်သည်။
ဤနေရာတွင် GDP တွက်ချက်မှုဟု ဆိုရာတွင် မြန်မာနိုင်ငံ၏ GDP တွက်ချက်မှုသက်သက်ကို
ဆိုလိုခြင်း မဟုတ်ပဲ နိုင်ငံတကာတွင် ယခုလက်ရှိ အချိန်တွင် ပုံမှန်တွက်ချက်နေသည့်နည်းများကို
ဆိုလိုခြင်း ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ပြောရလျှင် ဤဆောင်းပါးသည် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို
ဆန့် ကျင်သည့် ဆောင်းပါး မဟုတ်ပါ။ ၎င်းအပြင်
GDP အား ကန့် ကွက်သည့် ဆောင်းပါးလည်း မဟုတ်ပါ။ GDP အား စီးပွားရေး တိုးတက်မှု၏ စံချိန်စံညွန်းအဖြစ်
အလွန်အမင်း အားကိုးအားထားပြုခြင်းကို သတိပေးခြင်း သက်သက်သာ ဖြစ်ကြောင်း တင်ပြအပ် ပါသည်။
May
20th 2011
ရန်မင်းအောင်
Social Science ဆိုတာ.........
Social
Sciences
လို့ကျွန်မတို့ပြောနေကြတဲ့ လူမှုရေးသိပ္ပံဆိုတဲ့ဘာသာတွဲနဲ့ပတ်သက်ပြီး လူပြောများလာ ကြပေမယ့် ဒီဘာသာတွဲကြီးရဲ့အောက်မှာ ဘယ်ဘာသာရပ်တွေပါတယ်ဆိုတာကို သေသေချာချာသိထားတဲ့ နားလည်ထားတဲ့ လူငယ်တွေ ဒီနေ့ခေတ် ကျွန်မတို့နိုင်ငံမှာ အင်မတန်နည်းနေပါသေးတယ်။ အဲဒါကြောင့်လည်း ခုလို နိုင်ငံအတွင်းမှာ အပြောင်းအလဲတွေရှိလာတဲ့အခါ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့နယ်ပယ်အသီးသီးမှာပါဝင်လှုပ်ရှားဖို့စိတ်ဝင်စားလာတဲ့လူငယ်တော်တော်များများဟာSocialSciencesဆိုတာကို

လေ့လာဖို့
ကြိုးစားလာကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဘယ်ဧရိယာကိုစိတ်ဝင်စားလို့
ဘယ်လိုလေ့လာရမယ် ဆိုတာကို ကျွန်မအင်တာဗျူးတွေလုပ်ကြည့်သလောက်
ရေရေရာရာသိတဲ့လူငယ်တွေ အင်မတန်နည်းနေပါ သေးတယ်။ အခု နိုင်ငံရေးလောကမှာ
ပါဝင်လှုပ်ရှားနေတဲ့ လူငယ်အတော်များများ၊ လူမှုရေးလုပ်ငန်းတွေမှာ
ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်အတော်များများလည်း နားလည်မှု၊ သိမှု
အင်မတန်အားနည်းနေပါသေးတယ်။ ၀ါသနာပါလို့ စိတ်အားထက်သန်လို့လုပ်နေကြတဲ့သူတွေ
ပိုများပါတယ်။ အစိုးရ၀န်ထမ်းတွေလည်း ထိုနည်း လည်းကောင်းပါပဲ။ နောက်ဆုံး
စီးပွားရေးဘွဲ့ရ လူငယ်အချို့တောင် ခုထိ စီးပွားရေးပညာရှင် (Economist) ဆိုတာနဲ့
စီးပွားရေးသမား (Businessman) ဆိုတာကို မကွဲကြပါဘူး။ ရောရောထွေးထွေးပါပဲ။ အဲဒီတော့
ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သုံးသပ်ကြ၊ ဝေဖန်ကြ၊ ငြင်းခုန်ကြတာတွေလုပ်တဲ့အခါမှာ
Intellectually တွေးခေါ်သုံးသပ် ဆွေးနွေးနိုင်ကြတာအားနည်းပြီး
ခံစားမှုပိုင်းကိုဦးစားပေးတဲ့ ပြောဆိုဆွေးနွေးမှုတွေဆီကိုသာ ပိုမိုဦးတည်သွားကြပါတော့တယ်။ဒါတွေဟာ
သူတို့ကိုချည်း အပြစ်တင်လို့မရပါဘူး။ ရာစုနှစ်တစ်ဝက်ကျော်လောက် ပျက်စီးခဲ့တဲ့
ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်၊ကျင့်သုံးခဲ့တဲ့နိုင်ငံရေးစနစ်တွေဟာ Social
Sciences ရဲ့တန်ဖိုးကို မှေးမှိန်စေခဲ့တာကို ငြင်းလို့ မရနိုင်ပါဘူး။ နောက်တစ်ခုက
Social Sciences ဘာသာရပ်အတော်များများရဲ့ သဘောသဘာဝကိုက အသိပညာကိုပဲပေးတာပါ။
အတတ်ပညာကို ဦးစားပေးတာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် မိဘတွေ၊
ကျောင်းသားတွေအနေနဲ့ကလည်း ကျောင်းပြီးရင် အလုပ်အကိုင်အလွယ်တကူရစေဖို့၊
သက်မွေးဝမ်းကျောင်းမှု ပညာတစ်ခုခုတတ်မြောက်ထားဖို့ဆိုတာတွေက သူတို့အတွက်ပိုလို့
အရေးကြီးလာကြပါတယ်။ ဒီလိုအခြေအနေ အရပ်ရပ်၊ အမျိုးမျိုးအောက်မှာ Social Sciences
ဘာသာရပ်တွေဟာ မြန်မာနိုင်ငံမှာ (၁၀)တန်းအောင်ရမှတ် အနည်းဆုံး ကျောင်းသားတွေသာ
သင်ယူတဲ့ဘာသာရပ်တွေဖြစ်လာပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘအများစုနဲ့
အခြေခံပညာအဆင့် ဆရာ၊ဆရာမ အများစုကိုယ်တိုင်က ကလေးတွေကို ပညာရေးနဲ့ ပတ်သက်ပြီး
Socialized လုပ်လိုက်တာက ဆရာဝန်၊ အင်ဂျီနီယာမှ မဖြစ်ရင် ကျွန်မတို့တွေ လူ့အသိုင်း
အ၀ိုင်းထဲမှာ လူတောမတိုးနိုင်တော့မယ့် အခြေအနေမျိုးရသွားလိမ့်မယ်ဆိုတာမျိုးတွေပါ။
ဒီတော့ရလဒ်ကဘာဖြစ်လာသလဲဆိုတော့ - Social Sciences ဘာသာတွဲအများစုဟာ ဥပမာ- Sociology၊ Economics၊ Law၊ History၊ International Relations စတာတွေဟာ စာတွေအများကြီးဖတ်ရသလို၊ အများကြီးလေ့လာရသလို၊ ကျယ်ပြန့်စွာတွေးတောရတဲ့ ခက်ခဲနက်နဲတဲ့ Theories တွေရှိတာကြောင့် တော်ရုံ တန်ရုံစာဖတ်နိုင်အား၊ English စာအခြေခံနဲ့ လွယ်လွယ်ကူကူနားလည်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုအခြေအနေမှာ ခုနလို (၁၀)တန်းမှာ ကောင်းကောင်းမွန်မွန် ကြိုးစားအားထုတ်ခဲ့ခြင်းမရှိတဲ့၊ စာဖတ်အားနည်းတဲ့ English စာအားနည်းတဲ့၊ တော်ရုံတန်ရုံတောင် တွေးခေါ်ချင်စိတ်မရှိတဲ့ ကလေးတွေ ဒီဧရိယာတွေထဲကို ရောက်လာ ကြတဲ့အချိန်မှာ ဒီကလေးအများစုဟာ နိုင်ငံတကာအဆင့်နဲ့ယှဉ်နိုင်တဲ့ အရင့်အရင် မြန်မာနိုင်ငံရဲ့ Social Sciences ဘာသာရပ်ဆိုင်ရာ ပညာရှင်ဆရာကြီးတွေဖြစ်တဲ့ သမိုင်းပညာရှင်၊ နိုင်ငံရေးပညာရှင်၊ စီးပွားရေး ပညာရှင်၊ တရားသူကြီး၊ လူမှုဗေဒပညာရှင် စသူတွေရဲ့ လက်ဆင့်ကမ်းအမွေကို ပခုံးပြောင်းယူနိုင်စွမ်းအား မရှိတော့တာပါပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်တည်ဆောက်နိုင်ရေးဆိုတဲ့ အခန်းကဏ္ဍတွေမှာ ထိထိ ရောက်ရောက်၊ စွမ်းဆောင်ရည်ရှိရှိ လုပ်ဆောင်နိုင်ဖို့ရာနဲ့ နိုင်ငံတကာကိုရင်ဘောင်တန်းလိုက်နိုင်ဖို့ရန်အတွက် မှာ ဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြတဲ့ Stakeholders တွေသာမက ရိုးရိုး အေးချမ်းစွာနေထိုင်လိုကြတဲ့ သာမန်ပြည်သူပြည်သားတွေမှာပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒီထက်ပိုပြီးပြောရရင် အခုခေတ်စားနေတဲ့ ဒီမိုကရေစီအရေးတွေနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်တဲ့၊ အကျိုးသင့် အကြောင်းသင့်တွေးခေါ်နိုင်တဲ့ အသိတရား၊ ဗဟုသုတနဲ့ အတွေးအခေါ်တွေ အများကြီးလိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတော်တည်ဆောက်မှုမှာ အခန်းကဏ္ဍအသီးသီးကနေ ပါဝင်လုပ်ဆောင်နေကြတဲ့သူဟာ ကောင်းမွန်ထိရောက်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော်နိုင်မှာဖြစ်သလို၊ ပြည်သူပြည်သားတွေအနေနဲ့ကလည်း နိုင်ငံတော်ကကျင့်သုံးနေတဲ့စနစ်၊ နည်းဥပဒေတွေသာမက နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ကာအရပ်ရပ်မှာရှိနေတဲ့အခြေအနေအရပ်ရပ်ကို နှိုင်းယှဉ် ချိန်ထိုးပြီး ကောင်းသည်မကောင်းသည်၊ ဟုတ်သည်မဟုတ်သည်ကို ချင့်ချိန်သုံးသပ်ပြီး တုံ့ပြန်ခြင်း၊ လက်ခံခြင်း ဆိုတာတွေကို ပြုနိုင်မှာဖြစ်ပါတယ်။ Social Sciences ဘာသာရပ်တွေဟာ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် သင်ပေးတာ ဖြစ်ပါတယ်။တကယ်တော့ ဒီစာအတွင်းမှာ ကျွန်မအဓိကပြောချင်တာက Social Sciences ထဲမှာပါဝင်တဲ့ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့ပါ။
Social Sciences လို့ပြောရင် အဲဒီအထဲမှာ ယေဘူယျအားဖြင့် Core Subjects (အဓိက ပင်မဘာသာရပ်များ)၊ Interdisciplinary Subjects (ပညာရပ်နယ်ပယ်တစ်ခုသာမက အခြားနယ်ပယ်များနှင့်ပါသက်ဆိုင်သောဘာ သာရပ်များ)နဲ့ Supporting Subjects (အထောက်အကူပြုပေးသောဘာသာရပ်များ) ဆိုပြီး (၃)မျိုးခွဲနိုင်ပါ တယ်။Core Subjects ထဲမှာ Politics (နိုင်ငံရေး)၊ Economics (ဘောဂဗေဒ)၊ Sociology (လူမှုဗေဒ) နဲ့ Anthropology (မနုဿဗေဒ) စသည်ဖြင့် ပါဝင်ပါတယ်။Interdisciplinary Subjects ထဲမှာတော့ International Relations (နိုင်ငံတကာဆက်ဆံရေး)၊ Human Geography and Environment (လူသားပထ၀ီဝင်နှင့် ပတ်ဝန်းကျင်)၊ Business Management (စီးပွားစီမံ) ၊ Gender and Sexuality
(ကျား/မနှင့် ဖို/မလက္ခဏာဆိုင်ရာပညာ)၊ Media Studies (လူထုဆက်သွယ်ရေး (၀ါ) ပြန်ကြားဆက်သွယ်ရေးးပညာ)၊ Policy Studies (မူဝါဒရေးရာပညာ၊ Health (ကျန်းမာရေး)၊ Education (ပညာရေး)၊ Development Studies (ဖွံ့ဖြိုးရေးပညာ) နဲ့ Area Studies စတာတွေပါဝင်ပါတယ်။Supporting Subjects ထဲမှာတော့ Law (ဥပဒေပညာ)၊ History (သမိုင်းပညာ)၊ Philosophy (ဒဿနိကဗေဒ) နဲ့ Psychology (စိတ်ပညာ) စတာတွေပါဝင်ပါတယ်။ဒီလိုခွဲခြားထားတယ်ဆိုပေမယ့် Social Sciences ဘာသာရပ်တွေဟာ ခပ်လွယ်လွယ်ပြောရရင် လူတွေအကြောင်း၊ လူတွေလုပ်မျှကိုလေ့လာတာဖြစ်တဲ့အတွက် ဘာသာရပ်တွေဟာ တစ်ခုနဲ့တစ်ခုဆက်နွယ်နေပါ တယ်။ ဆိုလိုတာကတော့ Core Subjects ကိုယူထာလို့ Interdisciplinary Subjects တွေကို လေ့လာ စရာမလိုဘူး၊ Supporting Subjects တွေကိုလည်း လျစ်လျူရှုလို့ရတယ်မဟုတ်ပါဘူး။ Core Subjects ထဲက ကိုယ်အထူးပြုတဲ့ ဘာသာရပ်နဲ့ဆက်နွယ်နေတဲ့ Interdisciplinary Subjects ထဲကဖြစ်စေ၊ Supporting Subjects ထဲကဖြစ်စေ ဘာသာရပ်တွေပါရင် အဲဒီဘာသာတွေကိုလည်း တွဲပြီးလေ့လာရပါတယ်။ ထိုနည်းတူစွာ Interdisciplinary Subjects ထဲက ဘာသာရပ်တစ်ခုခုကိုဖြစ်စေ Supporting Subjects ထဲကတစ်ခုခုကို ဖြစ်စေလေ့လာရင်လည်း သူနဲ့ဆက်စပ်နေတဲ့ အခြားသောဘာသာရပ်တွေကို လေ့လာရတာပါပဲ။ ဘာကြောင့် လည်းဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ နယ်ပယ်တွေမှာ နယ်နိမိန်မျဉ်းတွေ တိတိကျကျ သတ်မှတ်လို့မရပါဘူး။ နိုင်ငံရေးဟာ စီးပွားရေးပေါ်မှာ မှီတည်နေသလို လူမှုရေးဆိုတဲ့အရာကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ထိုနည်းတူစွာလူမှုရေးအကြောင်းကိုလေ့လာရင် နိုင်ငံရေး၊ စီးပွားရေးတွေကို ဖယ်ထားလို့ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စီးပွားရေးဆိုတာကိုလေ့လာရင်လည်း နိုင်ငံရေးစနစ်၊ အခြေအနေနဲ့ လူမှုရေးအခြေအအနေတွေကိုထည့်သွင်းစဉ်းစားဖို့အထူးလိုအပ်ပါတယ်။အဲဒါကြောင့် ဘာသာရပ်တွေကို လေ့လာဖို့ဆုံးဖြတ်တဲ့အခါမှာတော့ ကိုယ်စိတ်ပါဝင်စားတဲ့ ဧရိယာနဲ့ ကိုယ်ဘာကိုအဓိကလေ့လာချင်တာလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် အရင်ပြန်မေးဖို့ပဲလိုပါတယ်။ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ်ဘယ်လောက်ထိ ကိုယ်လေ့လာမယ့်ဧရိယာပေါ်မှာ တစိုက်မတ်မတ်သွားနိုင်မလဲ ဆိုတာကို ဆုံးဖြတ်နိုင်ရင် ဘယ်ပညာရပ်မှာမဆို၊ ဘယ်နေရာမှာမဆို ထိပ်ဆုံးကိုရောက်နိုင်ပါတယ်။ကျွန်မတို့နိုင်ငံမှာ မိဘတွေအတော်များများက ကိုယ့်သားသမီးရဲ့ အဓိက၀ါသနာက ဘာလဲဆိုတာနဲ့ သူတို့ ဘာဖြစ်ချင်တာလဲ သူတို့ဘယ်နေရာမှာ ပိုပြီးအရည်အချင်းရှိသလဲ တော်သလဲဆိုတာကို အရင်ဆုံး သုံးသပ်ပြီး သူတို့အရည်အချင်းကို ပိုမိုအရောင်လက်အောင် တောက်ပအောင် ဘယ်လိုပံ့ပိုးပေးရမလဲဆိုတာကို စဉ်းစားကြတာထက် သူတို့ဖြစ်စေချင်တဲ့ပုံစံထဲကို ကလေးတွေကို ပုံစံဝင်အောင်ရိုက်ထည့်ဖို့ ကြိုးစားကြတဲ့ အတွက် ကလေးတွေအနေနဲ့လည်း ကိုယ့်မှာဘာအရည်အချင်းရှိလို့ရှိမှန်းဘယ်နေရာမှာတော်မှန်းသုံးသပ်နိုင်စွမ်းတွေပျောက်ကွယ်ကုန်ကြပါတယ်။အဲဒါကြောင့် ကျွန်မရှေ့ကပြောခဲ့တဲ့ စကားကိုပဲပြန်ကောက်ချင်ပါတယ်။ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ် ဘယ်လောက်ထိ ကိုယ်လေ့လာမယ့်ဧရိယာပေါ်မှာတစိုက်မတ်မတ်သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်နိုင်ရင် ဘယ်ပညာရပ်မှာမဆို၊ ဘယ်နေရာမှာမဆို ထိပ်ဆုံးကိုရောက်နိုင်တယ် ဆိုတာပါပဲ။
By Win Thazin Tun

Subscribe to:
Posts (Atom)