Ads 468x60px

Labels

Tuesday, October 1, 2013

GDP ပေတံစောင်းနေသည်။

‘သတိ’ GDP ပေတံစောင်းနေသည်။














GDP ကို နိုင်ငံတစ်နိုင်ငံ (သို့ ) ဒေသတစ်ခု၏ ဖွံ့ ဖြိုးတိုးတက်မှုအားတိုင်းတာသည့်ပေတံ တစ်ခုအနေဖြင့် သုံးခဲ့ကြသည်မှာရာစုနှစ်တစ်ခုနီးပါးရှိခဲ့ကြလေသည်။  ထို့ ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အစိုးရတိုင်းနီးပါးသည် ၎င်း တို့ နိုင်ငံ၏ GDP အားနှစ်စဉ်နှစ်တိုင်း တိုးသထက်တိုးပွားစေရန် ဆောင်ရွက်လျှက်ရှိကြသည်။ သို့ ရာတွင် (၂၀)ရာစု နှောင်းပိုင်းမှစ၍ စီးပွားရေး ၊ လူမှုရေး နှင့် ဒဿန ပညာရှင်အချို့ ၊ နိုင်ငံရေးသမားအချို့  နှင့် ပြည်သူလူထုတစ်ချို့တို့ သည် ဤကဲ့သို့ GDP ကိန်းဂဏန်း တစ်ရပ်တည်းကို အာရုံပြု ကြိုးပမ်းကြသည့် အစိုးရမူဝါဒများကို ဝေဖန် ကန့် ကွက် လာကြပြီး ၎င်းဝေဖန်သံများသည်လည်း (၂၁) ရာစုအစပိုင်း ဖြစ်သည့် ယခုအချိန်တွင် ပို၍ပို၍ ကျယ်လောင်လာကြ သည်။
ထိုဝေဖန်သံများတွင် အကျယ်လောင်ဆုံးသောဝေဖန်မှုတစ်ခုမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် ပြည်သူ တို့ ၏ စိတ်ချမ်းသာပျော်ရွင်မှုအားအလိုအလျှောက်မတိုးတက်စေဟူသောထောက်ပြဝေဖန်မှုဖြစ်သည်။ ဥပမာ အနေဖြင့် ဆရာကြီးလူထုစိန်ဝင်း ရေးသားခဲ့သည့် ‘ဖွံ့ ဖြိုးတိုး တက်မှု ကိုအပြုံးနှင့်တိုင်းပါ’ ဟူသော ဆောင်းပါးကို ဖတ်ကြည့်နိုင်သည်။  (http://www.luduseinwin.com/?p=92) ၎င်းဆောင်းပါးတွင် ဆရာကြီးက “နိုင်ငံတစ် နိုင်ငံရဲ့  အဆင့်အတန်းကို အဲဒီနိုင်ငံမှာ ပြုံးနိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ ဆိုတာနှင့် တိုင်းပါ” ဟုကဗျာ ဆန်ဆန် ရေးသား အကြံပြုခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုထက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုက ပိုအရေးကြီး သည် ဆို သည့် အချက်မှာ စာဖတ်သူများအနေ နှင့် ကြားဖူးနားဝရှိပြီး ဖြစ်မည်ဟု ယုံကြည်ပါသည်။စားရေးသူအ နေဖြင့် လည်း ဤအချက်မှာအရေးကြီးသည့် အချက်ဖြစ်သည်ဟု ယူဆပြီး အနည်းနှင့်အများ လက်ခံယုံကြည် ပါသည်။ ဤအချက်နှင့်ပတ်သက်၍ လည်း အလျဉ်းသင့်သလိုရေးသားပါအုံးမည်။
သို့ ရာတွင် ယခုဆောင်းပါရေးသားရခြင်းမှာ စီးပွားရေးတိုးတက်မှု သက်သက်ကိုသာ တိုင်းမည် ဆိုလျှင်လည်း GDP ပေတံသည် ဖြောင့်မတ်သည့်ပေတံမဟုတ်ဘဲ အရေးကြီးသည့် အားနည်းချက်များ ရှိနေသည်ကို သတိပေး ထောက်ပြလို၍ ဖြစ်ပါသည်။ Gross Domestic Product (သို့ ) GDP ဟုခေါ်သော ပြည်တွင်းအသားတင်ထုတ်ကုန် တန်ဖိုး သည် ငွေကြေးဖြင့်တိုင်းတာနိုင်သည့် နိုင်ငံတစ်နိုင်ငံ သို့ မဟုတ် ဒေသတစ်ခုတွင်းတွင် ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများ၏ စုစုပေါင်းတန်ဖိုးဖြစ်သည်။ ဤနေရာတွင် “ ငွေကြေးဖြင့်တိုင်းတာနိုင်ခြင်း” ဆိုသည်မှာ ငွေရေးကြေးရေး လက်ပြောင်းလက်လွဲမှုကို  ဆိုလိုခြင်း ဖြစ်သည်။ ငွေရေးကြေးရေး  လက်ပြောင်းလက်လွဲမှုကို အဓိက တိုင်းတာခြင်း ဖြစ်သဖြင့် အားနည်းချက်ကြီး နှစ်ရပ် ပေါ်ပေါက်လာပါသည်။  ထိုအားနည်းချက်များမှာ ဆိုးကျိုးများအတွက်သုံးစွဲရသော ငွေကြေးသုံးစွဲမှုကို GDP တွင် အပေါင်းလက္ခဏာအနေဖြင့် ပါဝင်နေခြင်းနှင့် ငွေကြေးဖြင့်ဝယ်ယူစရာမလိုသော ကောင်းကျိုးတို့ ကို GDP တွင် ထည့်သွင်းစဉ်းစားမှု မပြုခြင်း ဖြစ်သည်။
          မြို့တစ်မြို့  တွင်လေထုညစ်ညမ်းမှု ထူပြောလာသည် ဆိုပါစို့် ။ ၎င်းမြို့ တွင်းရှိ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် ရင်ကျပ်ရောဂါ၊ အဆုတ်ကင်ဆာစသည့်အဆုတ် နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများ ထူပြော လာပေမည်။  ဤကဲ့သို့ ရောဂါထူပြောလာရသောအကျိုးအားကြောင့် ၎င်းမြို့ ၏ ကျန်းမာရေး အသုံးစရိတ် များပြား လာမည်။  ထိုအသုံးစရိတ်များကြောင့် ၎င်းမြို့ ၏ GDP တက်လာမည်။  စာဖတ်သူအနေနှင့် ရောဂါထူပြောလာမှုအား ဖွံ့ ဖြိုးတိုးတက်မှုဟု ယူဆမည်မဟုတ်။  သို့ သော် GDP ကိန်းဂဏန်းမြင့်မားလာမှုအား ဖွံ့ ဖြိုးတိုးတက်မှုဟု တထစ်ချ ယူဆမည်ဆိုပါက အထက်ပါ ဥပမာတွင် ရောဂါဘယထူပြောမှုသည် ဖွံ့ ဖြိုးတိုးတက်မှုဟု ထင်မှတ်မှားစရာ ဖြစ်လာမည်။ ရောဂါဘယထူပြောမှုအပြင် မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာမှု၊ အရက်စွဲသူများပြားလာမှုနှင့် ယာဉ်တိုက်မှုနှုန်း များပြားလာမှုများသည်လည်း လူမှုအသိုင်းအ၀န်းအတွက် ဆိုးကျိုးဟု ယေဘူယျအားဖြင့် သတ်မှတ်ထားသော်လည်း ရေတိုတွင် GDP ကိုမြင့်တက်လာစေသောအကြောင်းအရင်းများ ဖြစ်သည်။ ဥပမာ ယာဉ်တိုက်မှုများပြား လာလျှင် ဆေးဖိုးဝါးခ၊ သဂြိုလ်စရိတ်နှင့် ကားပြုပြင်စရိတ်များအတွက် ငွေကြေးသုံးရပြီး ၎င်းဒေသ၏ GDP ကို တိုးတက် စေပါသည်။ အထက်ပါ အကြောင်းအရာများသည် ဆိုးကျိုးများကို အပေါင်း လက္ခဏာ အနေဖြင့် တိုင်းတာသည့် GDP ၏အားနည်းချက်တစ်ရပ်ကိုထောက်ပြနေခြင်းဖြစ်သည်။
          GDP ၏ ဒုတိယ အားနည်းချက်မှာ ငွေကြေးဖြင့်ဝယ်ယူစရာမလိုသော်လည်း ဘောဂဗေဒ သဘောအရ (economic value) တန်ဖိုးရှိသည့် ကောင်းကျိုးအချို့ကို ထည့်သွင်းတွက်ချက်မှု မရှိခြင်းပင်ဖြစ်သည်။ လေကောင်းလေသန့် ၊ မိုးရေ၊ လုပ်အားပေးမှ ရသောလုပ်အားများ၊ ဂေဟစနစ်မှပေးသော ၀န်ဆောင်မှုများသည် ငွေကြေးဖြင့်ဝယ်ယူစရာမလိုသော်လည်း ငွေကြေးနှင့် တိုင်းတာနိုင်သည့် တန်ဖိုးရှိသည်။
          ဤနေရာတွင် ecosystem Services ဟုခေါ်သော ဂေဟစနစ်မှ ပေးသောဝန်ဆောင်မှုများ (သို့ ) ဗမာလိုရိုး ရိုးရှင်းရှင်းပြောရလျှင် သဘာဝမှပေးသောအကျိုးအမြတ်များသည် ယေဘူယျအားဖြင့် GDP တွက်ချက်မှုတွင် မပါဝင်ပါ။  တောအုပ်တစ်ခုရှိ၍ ဘေးပတ်ဝန်းကျင်ရှိ ရွာနှင့်မြို့ များတွင် ရရှိသော အေးမြမှုကို ဘောဂဗေဒရှုထောင့် တစ်ခု တည်းမှကြည့်လျှင်ပင် တန်ဖိုးရှိသည်။  အကယ်၍ ထိုအေးမြမှု မရှိလျှင် ၀ယ်ယူ သုံးစွဲရသော လေအေးပေးစက်များ၏ တန်ဖိုး၊ ပန်ကာများ၏တန်ဖိုး နှင့် ၎င်းတို့ အတွက် သုံးစွဲသော လျှပ်စစ်မီတာခများ စသည်တို့ ကိုတွက်ချက်လျှင် ထိုသစ်တောမှ ပေးသော အေးမြမှု၏ ငွေကြေးတန်ဖိုးကို အကြမ်းဖျင်း သိနိုင်သည်။  ၎င်းအပြင် ထိုတောအုပ်လေးမှပေးသော အခြား အကျိုးအမြတ်များကိုလည်း ငွေကြေးဖြင့် ခန့် မှန်း တွက်ချက်နိုင်သည်။  အအေးလွန်မှုကို ကာကွယ်ပေးခြင်း၏ တန်ဖိုးကို အနွေးထည်များ၏ တန်ဖိုး နှင့်  ရေနွေးတည်ရာတွင် အသုံးပြုသော လျှပ်စစ်မီတာခများကို တွက်ချက်၍လည်းကောင်း၊ မိုးရာသီတွင် ရေလျှံ၍ ပျက်စီးဆုံးရူံးမှုများ၏ တန်ဖိုးကို ၎င်းရေဘေးဖြစ်လျှင် ကုန်ကျမည့် စရိတ်များကို တွက်ချက်ခြင်းဖြင့် လည်းကောင်း၊ နွေရာသီတွင် စီးဆင်းပေးသော မြစ်ရေ၊ ချောင်းရေတို့ ၏ တန်ဖိုးကို ၎င်းရေခန်းလျှင် ရေရှိရန် တည်ဆောက်ရမည့် ဆည်များ၊ ကန်များ သို့ မဟုတ် အခြားဒေသမှ ၀ယ်ယူရမည့် ရေများ၏ တန်ဖိုးကို တွက်ချက်ခြင်းဖြင့်လည်းကောင်း၊ အင်းဆက်များနှင့် ငှက်ငယ်များ ကောက်ပဲသီးနှံခင်းများအား ကျရောက်ခြင်းမှ ကာကွယ်ပေးခြင်း၏ တန်ဖိုးကို ၎င်းအဖြစ်အပျက်များ ဖြစ်လျှင် ကုန်ကျသည့် စရိတ်များကို တွက်ချက်ခြင်းဖြင့် လည်းကောင်း၊ သဲမုန်တိုင်းနှင့် လေပွေများ၏ အန္တရာယ်ကို လျှော့ပါးစေခြင်း၏ တန်ဖိုးကို ၎င်းဘေးအန္တရာယ်များ ဖြစ်လျှင် ပျက်စီးဆုံးရူံးမှုများ၏ တန်ဖိုးကို တွက်ချက်ခြင်းဖြင့် လည်းကောင်း ခန့် မှန်း တွက်ချက်နိုင်သည်။
          ဤကဲ့သို့ ထင်သာမြင်သာသည့် (tangible) အကျိုးကျေးဇူးများ အားလုံးကိုပင် တိုင်းတာမည် ဆိုပါက အတော်အသင့် ထူထပ်သည့် တောအုပ်တစ်ခုတည်း၏ နှစ်စဉ်တန်ဖိုးသည်ပင်လျှင် ကုဋေ ထောင်နှင့် သောင်းနှင့်ချီ၍ ရှိနိုင်သည်။ သို့ ရာတွင် ၎င်းတန်ဖိုးများသည် GDPတွင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိ။  အကယ်၍ စာရေးသူသည် သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ထောင်ပြီး ၎င်းသစ်တောအား ငါးနှစ်အတွင်း အပြောင်ရှင်း၍ ခုတ်လိုက်မည်ဆိုပါက ထိုသစ်များ ကိုရောင်းချ၍ ရသောအကျိုးအမြတ်များသည် GDP ကိန်းဂဏန်းတွင် အပေါင်းလက္ခဏာအနေဖြင့် ပါဝင်မည်ဖြစ်ပြီး တောအုပ်မှပေးသော ပိုက်ဆံဖြင့် ၀ယ်ယူစရာမလိုသည့် အကျိုးအမြတ်များ ဆုံးရှုံးမှုသည် GDP တွင် အနှုတ်လက္ခဏာ အနေဖြင့် မပါဝင်ချေ။ ထိုကြောင့် အထက်ပါ ဥပမာတွင် GDP ကိန်းဂဏန်း တစ်ခုတည်း ကြည့်မည်ဆိုပါက ၎င်းကဲ့သို့ စည်းကမ်းမရှိ ထုတ်လုပ်သော သစ်ထုတ်လုပ်ရေးသည် နိုင်ငံဖွံ့ ဖြိုးတိုးတက်စေသော လမ်းကြောင်း ဖြစ်နေသကဲ့သို့  ထင်မှတ်မှားစရာ ဖြစ်နိုင်သည်။
          GDP ၏ တတိယ အားနည်းချက်ကြီးမှာ (equity) ဟုခေါ်သော သာတူညီမျှရှိမှုကို ထည့်သွင်း မတွက်ချက် ခြင်း ဖြစ်သည်။  နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမူဝါဒတစ်ခု ချမှတ်သည့်အခါတွင် သာသူ(winners) နှင့် နာသူ(loosers) အနည်းနှင့်အများ ရှိမည်မှာ အငြင်းပွားဖွယ်ရာ မရှိပါ။ နာသူရှိရုံမျှ သက်သက်ဖြင့် ဤမူဝါဒကို ကန့် ကွက်စရာ မရှိပါ။  သို့ ရာတွင် သာသူတစ်ယောက်သာရှိ၍ နာသူအယောက်တစ်ထောင်ရှိ မည်ဆိုလျှင် ၎င်းမူဝါဒကို အသေအချာ ပြန်လည်သုံးသပ် ရမည်။ ပို၍ ဆိုးသည်မှာ အကယ်၍ နာသူအယောက်တစ်ထောင်မှာ ယခင်ကတည်းက ဆင်းရဲသူများ ဖြစ်၍ ၎င်းမူဝါဒ ကြောင့်ကုန်းကောက်စရာ မရှိအောင် နာသွားမည် ဖြစ်ပြီး သာသူမှာ နဂိုကတည်းက အလွန်အမင်း ချမ်းသာသူ ဆိုပါလျှင် ထိုမူဝါဒအား အကောင်အထည် မဖေါ်သင့်ဟု ကောက်ချက်ချ နိုင်သည်။
သို့ ရာတွင် GDP ရှုထောင့်တစ်ခုတည်းမှကြည့်လျှင် နာသူများ ဆုံးရှုံးသည်မှာ (၁၅)သိန်းစီ (သန်း၁၅၀၀ စုစုပေါင်း) ဖြစ်ပြီး သာသူမြတ်သောငွေမှာ (သန်း၂၀၀၀) ဖြစ်သည် ဆိုပါက ဤမူဝါဒ ၏အကျိုးကြောင့်နိုင်ငံ၏ GDPမှာ သန်း၅၀၀ တက်သွားမည် ဖြစ်သည်။ ထို့ ကြောင့် ၎င်းဥပမာတွင် GDP တက်သော်လည်းတိုင်းပြည်၏ လူအများစု ဆင်းရဲသွားနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုလျှင် GDP သည် အလွန်အင်အားကြီးသော(Powerful) စံညွန်းတစ်ခုဖြစ်သော်လည်း အချို့ ကောင်းကျိုးများထည့်မတွက်မိခြင်း ၊ အချို့ ဆိုးကျိုးများကို ကောင်းကျိုးဟု အမှတ်မှား တွက်မိခြင်း နှင့် သာတူညီမျှရှိမှုကို ထည့်မတွက်ခြင်း စသည့်အားနည်းချက်ကြီး သုံးရပ်ကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ ဖြိုးတိုးတက် မှုအား တိုင်းတာသည့် ပေတံ(Yardstick) အဖြစ် သုံးသည့်အခါတွင် အထူးသတိပြုရမည် ဖြစ်သည်။  ဤနေရာတွင် GDP တွက်ချက်မှုဟု ဆိုရာတွင် မြန်မာနိုင်ငံ၏ GDP တွက်ချက်မှုသက်သက်ကို ဆိုလိုခြင်း မဟုတ်ပဲ နိုင်ငံတကာတွင် ယခုလက်ရှိ အချိန်တွင် ပုံမှန်တွက်ချက်နေသည့်နည်းများကို ဆိုလိုခြင်း ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ပြောရလျှင် ဤဆောင်းပါးသည် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို ဆန့် ကျင်သည့် ဆောင်းပါး မဟုတ်ပါ။  ၎င်းအပြင် GDP အား ကန့် ကွက်သည့် ဆောင်းပါးလည်း မဟုတ်ပါ။ GDP အား စီးပွားရေး တိုးတက်မှု၏ စံချိန်စံညွန်းအဖြစ် အလွန်အမင်း အားကိုးအားထားပြုခြင်းကို သတိပေးခြင်း သက်သက်သာ ဖြစ်ကြောင်း တင်ပြအပ် ပါသည်။
         
May 20th 2011
ရန်မင်းအောင်

0 comments:

Post a Comment

 

Welcome

Welcome to My Blog!

Nibbana

There is no fire like passion: There is no evil like hatred: There is no ill like burdem of the body: There is no bliss that supass the perfect peace

Buddhism

Buddhism morality is based on freedom,
i.e:on individual development!