Social
Sciences
လို့ကျွန်မတို့ပြောနေကြတဲ့ လူမှုရေးသိပ္ပံဆိုတဲ့ဘာသာတွဲနဲ့ပတ်သက်ပြီး လူပြောများလာ ကြပေမယ့် ဒီဘာသာတွဲကြီးရဲ့အောက်မှာ ဘယ်ဘာသာရပ်တွေပါတယ်ဆိုတာကို သေသေချာချာသိထားတဲ့ နားလည်ထားတဲ့ လူငယ်တွေ ဒီနေ့ခေတ် ကျွန်မတို့နိုင်ငံမှာ အင်မတန်နည်းနေပါသေးတယ်။ အဲဒါကြောင့်လည်း ခုလို နိုင်ငံအတွင်းမှာ အပြောင်းအလဲတွေရှိလာတဲ့အခါ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့နယ်ပယ်အသီးသီးမှာပါဝင်လှုပ်ရှားဖို့စိတ်ဝင်စားလာတဲ့လူငယ်တော်တော်များများဟာSocialSciencesဆိုတာကို

လေ့လာဖို့
ကြိုးစားလာကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဘယ်ဧရိယာကိုစိတ်ဝင်စားလို့
ဘယ်လိုလေ့လာရမယ် ဆိုတာကို ကျွန်မအင်တာဗျူးတွေလုပ်ကြည့်သလောက်
ရေရေရာရာသိတဲ့လူငယ်တွေ အင်မတန်နည်းနေပါ သေးတယ်။ အခု နိုင်ငံရေးလောကမှာ
ပါဝင်လှုပ်ရှားနေတဲ့ လူငယ်အတော်များများ၊ လူမှုရေးလုပ်ငန်းတွေမှာ
ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်အတော်များများလည်း နားလည်မှု၊ သိမှု
အင်မတန်အားနည်းနေပါသေးတယ်။ ၀ါသနာပါလို့ စိတ်အားထက်သန်လို့လုပ်နေကြတဲ့သူတွေ
ပိုများပါတယ်။ အစိုးရ၀န်ထမ်းတွေလည်း ထိုနည်း လည်းကောင်းပါပဲ။ နောက်ဆုံး
စီးပွားရေးဘွဲ့ရ လူငယ်အချို့တောင် ခုထိ စီးပွားရေးပညာရှင် (Economist) ဆိုတာနဲ့
စီးပွားရေးသမား (Businessman) ဆိုတာကို မကွဲကြပါဘူး။ ရောရောထွေးထွေးပါပဲ။ အဲဒီတော့
ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သုံးသပ်ကြ၊ ဝေဖန်ကြ၊ ငြင်းခုန်ကြတာတွေလုပ်တဲ့အခါမှာ
Intellectually တွေးခေါ်သုံးသပ် ဆွေးနွေးနိုင်ကြတာအားနည်းပြီး
ခံစားမှုပိုင်းကိုဦးစားပေးတဲ့ ပြောဆိုဆွေးနွေးမှုတွေဆီကိုသာ ပိုမိုဦးတည်သွားကြပါတော့တယ်။ဒါတွေဟာ
သူတို့ကိုချည်း အပြစ်တင်လို့မရပါဘူး။ ရာစုနှစ်တစ်ဝက်ကျော်လောက် ပျက်စီးခဲ့တဲ့
ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်၊ကျင့်သုံးခဲ့တဲ့နိုင်ငံရေးစနစ်တွေဟာ Social
Sciences ရဲ့တန်ဖိုးကို မှေးမှိန်စေခဲ့တာကို ငြင်းလို့ မရနိုင်ပါဘူး။ နောက်တစ်ခုက
Social Sciences ဘာသာရပ်အတော်များများရဲ့ သဘောသဘာဝကိုက အသိပညာကိုပဲပေးတာပါ။
အတတ်ပညာကို ဦးစားပေးတာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် မိဘတွေ၊
ကျောင်းသားတွေအနေနဲ့ကလည်း ကျောင်းပြီးရင် အလုပ်အကိုင်အလွယ်တကူရစေဖို့၊
သက်မွေးဝမ်းကျောင်းမှု ပညာတစ်ခုခုတတ်မြောက်ထားဖို့ဆိုတာတွေက သူတို့အတွက်ပိုလို့
အရေးကြီးလာကြပါတယ်။ ဒီလိုအခြေအနေ အရပ်ရပ်၊ အမျိုးမျိုးအောက်မှာ Social Sciences
ဘာသာရပ်တွေဟာ မြန်မာနိုင်ငံမှာ (၁၀)တန်းအောင်ရမှတ် အနည်းဆုံး ကျောင်းသားတွေသာ
သင်ယူတဲ့ဘာသာရပ်တွေဖြစ်လာပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘအများစုနဲ့
အခြေခံပညာအဆင့် ဆရာ၊ဆရာမ အများစုကိုယ်တိုင်က ကလေးတွေကို ပညာရေးနဲ့ ပတ်သက်ပြီး
Socialized လုပ်လိုက်တာက ဆရာဝန်၊ အင်ဂျီနီယာမှ မဖြစ်ရင် ကျွန်မတို့တွေ လူ့အသိုင်း
အ၀ိုင်းထဲမှာ လူတောမတိုးနိုင်တော့မယ့် အခြေအနေမျိုးရသွားလိမ့်မယ်ဆိုတာမျိုးတွေပါ။
ဒီတော့ရလဒ်ကဘာဖြစ်လာသလဲဆိုတော့ - Social Sciences ဘာသာတွဲအများစုဟာ ဥပမာ- Sociology၊ Economics၊ Law၊ History၊ International Relations စတာတွေဟာ စာတွေအများကြီးဖတ်ရသလို၊ အများကြီးလေ့လာရသလို၊ ကျယ်ပြန့်စွာတွေးတောရတဲ့ ခက်ခဲနက်နဲတဲ့ Theories တွေရှိတာကြောင့် တော်ရုံ တန်ရုံစာဖတ်နိုင်အား၊ English စာအခြေခံနဲ့ လွယ်လွယ်ကူကူနားလည်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုအခြေအနေမှာ ခုနလို (၁၀)တန်းမှာ ကောင်းကောင်းမွန်မွန် ကြိုးစားအားထုတ်ခဲ့ခြင်းမရှိတဲ့၊ စာဖတ်အားနည်းတဲ့ English စာအားနည်းတဲ့၊ တော်ရုံတန်ရုံတောင် တွေးခေါ်ချင်စိတ်မရှိတဲ့ ကလေးတွေ ဒီဧရိယာတွေထဲကို ရောက်လာ ကြတဲ့အချိန်မှာ ဒီကလေးအများစုဟာ နိုင်ငံတကာအဆင့်နဲ့ယှဉ်နိုင်တဲ့ အရင့်အရင် မြန်မာနိုင်ငံရဲ့ Social Sciences ဘာသာရပ်ဆိုင်ရာ ပညာရှင်ဆရာကြီးတွေဖြစ်တဲ့ သမိုင်းပညာရှင်၊ နိုင်ငံရေးပညာရှင်၊ စီးပွားရေး ပညာရှင်၊ တရားသူကြီး၊ လူမှုဗေဒပညာရှင် စသူတွေရဲ့ လက်ဆင့်ကမ်းအမွေကို ပခုံးပြောင်းယူနိုင်စွမ်းအား မရှိတော့တာပါပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်တည်ဆောက်နိုင်ရေးဆိုတဲ့ အခန်းကဏ္ဍတွေမှာ ထိထိ ရောက်ရောက်၊ စွမ်းဆောင်ရည်ရှိရှိ လုပ်ဆောင်နိုင်ဖို့ရာနဲ့ နိုင်ငံတကာကိုရင်ဘောင်တန်းလိုက်နိုင်ဖို့ရန်အတွက် မှာ ဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြတဲ့ Stakeholders တွေသာမက ရိုးရိုး အေးချမ်းစွာနေထိုင်လိုကြတဲ့ သာမန်ပြည်သူပြည်သားတွေမှာပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒီထက်ပိုပြီးပြောရရင် အခုခေတ်စားနေတဲ့ ဒီမိုကရေစီအရေးတွေနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်တဲ့၊ အကျိုးသင့် အကြောင်းသင့်တွေးခေါ်နိုင်တဲ့ အသိတရား၊ ဗဟုသုတနဲ့ အတွေးအခေါ်တွေ အများကြီးလိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတော်တည်ဆောက်မှုမှာ အခန်းကဏ္ဍအသီးသီးကနေ ပါဝင်လုပ်ဆောင်နေကြတဲ့သူဟာ ကောင်းမွန်ထိရောက်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော်နိုင်မှာဖြစ်သလို၊ ပြည်သူပြည်သားတွေအနေနဲ့ကလည်း နိုင်ငံတော်ကကျင့်သုံးနေတဲ့စနစ်၊ နည်းဥပဒေတွေသာမက နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ကာအရပ်ရပ်မှာရှိနေတဲ့အခြေအနေအရပ်ရပ်ကို နှိုင်းယှဉ် ချိန်ထိုးပြီး ကောင်းသည်မကောင်းသည်၊ ဟုတ်သည်မဟုတ်သည်ကို ချင့်ချိန်သုံးသပ်ပြီး တုံ့ပြန်ခြင်း၊ လက်ခံခြင်း ဆိုတာတွေကို ပြုနိုင်မှာဖြစ်ပါတယ်။ Social Sciences ဘာသာရပ်တွေဟာ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် သင်ပေးတာ ဖြစ်ပါတယ်။တကယ်တော့ ဒီစာအတွင်းမှာ ကျွန်မအဓိကပြောချင်တာက Social Sciences ထဲမှာပါဝင်တဲ့ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့ပါ။
Social Sciences လို့ပြောရင် အဲဒီအထဲမှာ ယေဘူယျအားဖြင့် Core Subjects (အဓိက ပင်မဘာသာရပ်များ)၊ Interdisciplinary Subjects (ပညာရပ်နယ်ပယ်တစ်ခုသာမက အခြားနယ်ပယ်များနှင့်ပါသက်ဆိုင်သောဘာ သာရပ်များ)နဲ့ Supporting Subjects (အထောက်အကူပြုပေးသောဘာသာရပ်များ) ဆိုပြီး (၃)မျိုးခွဲနိုင်ပါ တယ်။Core Subjects ထဲမှာ Politics (နိုင်ငံရေး)၊ Economics (ဘောဂဗေဒ)၊ Sociology (လူမှုဗေဒ) နဲ့ Anthropology (မနုဿဗေဒ) စသည်ဖြင့် ပါဝင်ပါတယ်။Interdisciplinary Subjects ထဲမှာတော့ International Relations (နိုင်ငံတကာဆက်ဆံရေး)၊ Human Geography and Environment (လူသားပထ၀ီဝင်နှင့် ပတ်ဝန်းကျင်)၊ Business Management (စီးပွားစီမံ) ၊ Gender and Sexuality
(ကျား/မနှင့် ဖို/မလက္ခဏာဆိုင်ရာပညာ)၊ Media Studies (လူထုဆက်သွယ်ရေး (၀ါ) ပြန်ကြားဆက်သွယ်ရေးးပညာ)၊ Policy Studies (မူဝါဒရေးရာပညာ၊ Health (ကျန်းမာရေး)၊ Education (ပညာရေး)၊ Development Studies (ဖွံ့ဖြိုးရေးပညာ) နဲ့ Area Studies စတာတွေပါဝင်ပါတယ်။Supporting Subjects ထဲမှာတော့ Law (ဥပဒေပညာ)၊ History (သမိုင်းပညာ)၊ Philosophy (ဒဿနိကဗေဒ) နဲ့ Psychology (စိတ်ပညာ) စတာတွေပါဝင်ပါတယ်။ဒီလိုခွဲခြားထားတယ်ဆိုပေမယ့် Social Sciences ဘာသာရပ်တွေဟာ ခပ်လွယ်လွယ်ပြောရရင် လူတွေအကြောင်း၊ လူတွေလုပ်မျှကိုလေ့လာတာဖြစ်တဲ့အတွက် ဘာသာရပ်တွေဟာ တစ်ခုနဲ့တစ်ခုဆက်နွယ်နေပါ တယ်။ ဆိုလိုတာကတော့ Core Subjects ကိုယူထာလို့ Interdisciplinary Subjects တွေကို လေ့လာ စရာမလိုဘူး၊ Supporting Subjects တွေကိုလည်း လျစ်လျူရှုလို့ရတယ်မဟုတ်ပါဘူး။ Core Subjects ထဲက ကိုယ်အထူးပြုတဲ့ ဘာသာရပ်နဲ့ဆက်နွယ်နေတဲ့ Interdisciplinary Subjects ထဲကဖြစ်စေ၊ Supporting Subjects ထဲကဖြစ်စေ ဘာသာရပ်တွေပါရင် အဲဒီဘာသာတွေကိုလည်း တွဲပြီးလေ့လာရပါတယ်။ ထိုနည်းတူစွာ Interdisciplinary Subjects ထဲက ဘာသာရပ်တစ်ခုခုကိုဖြစ်စေ Supporting Subjects ထဲကတစ်ခုခုကို ဖြစ်စေလေ့လာရင်လည်း သူနဲ့ဆက်စပ်နေတဲ့ အခြားသောဘာသာရပ်တွေကို လေ့လာရတာပါပဲ။ ဘာကြောင့် လည်းဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ နယ်ပယ်တွေမှာ နယ်နိမိန်မျဉ်းတွေ တိတိကျကျ သတ်မှတ်လို့မရပါဘူး။ နိုင်ငံရေးဟာ စီးပွားရေးပေါ်မှာ မှီတည်နေသလို လူမှုရေးဆိုတဲ့အရာကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ထိုနည်းတူစွာလူမှုရေးအကြောင်းကိုလေ့လာရင် နိုင်ငံရေး၊ စီးပွားရေးတွေကို ဖယ်ထားလို့ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စီးပွားရေးဆိုတာကိုလေ့လာရင်လည်း နိုင်ငံရေးစနစ်၊ အခြေအနေနဲ့ လူမှုရေးအခြေအအနေတွေကိုထည့်သွင်းစဉ်းစားဖို့အထူးလိုအပ်ပါတယ်။အဲဒါကြောင့် ဘာသာရပ်တွေကို လေ့လာဖို့ဆုံးဖြတ်တဲ့အခါမှာတော့ ကိုယ်စိတ်ပါဝင်စားတဲ့ ဧရိယာနဲ့ ကိုယ်ဘာကိုအဓိကလေ့လာချင်တာလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် အရင်ပြန်မေးဖို့ပဲလိုပါတယ်။ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ်ဘယ်လောက်ထိ ကိုယ်လေ့လာမယ့်ဧရိယာပေါ်မှာ တစိုက်မတ်မတ်သွားနိုင်မလဲ ဆိုတာကို ဆုံးဖြတ်နိုင်ရင် ဘယ်ပညာရပ်မှာမဆို၊ ဘယ်နေရာမှာမဆို ထိပ်ဆုံးကိုရောက်နိုင်ပါတယ်။ကျွန်မတို့နိုင်ငံမှာ မိဘတွေအတော်များများက ကိုယ့်သားသမီးရဲ့ အဓိက၀ါသနာက ဘာလဲဆိုတာနဲ့ သူတို့ ဘာဖြစ်ချင်တာလဲ သူတို့ဘယ်နေရာမှာ ပိုပြီးအရည်အချင်းရှိသလဲ တော်သလဲဆိုတာကို အရင်ဆုံး သုံးသပ်ပြီး သူတို့အရည်အချင်းကို ပိုမိုအရောင်လက်အောင် တောက်ပအောင် ဘယ်လိုပံ့ပိုးပေးရမလဲဆိုတာကို စဉ်းစားကြတာထက် သူတို့ဖြစ်စေချင်တဲ့ပုံစံထဲကို ကလေးတွေကို ပုံစံဝင်အောင်ရိုက်ထည့်ဖို့ ကြိုးစားကြတဲ့ အတွက် ကလေးတွေအနေနဲ့လည်း ကိုယ့်မှာဘာအရည်အချင်းရှိလို့ရှိမှန်းဘယ်နေရာမှာတော်မှန်းသုံးသပ်နိုင်စွမ်းတွေပျောက်ကွယ်ကုန်ကြပါတယ်။အဲဒါကြောင့် ကျွန်မရှေ့ကပြောခဲ့တဲ့ စကားကိုပဲပြန်ကောက်ချင်ပါတယ်။ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ် ဘယ်လောက်ထိ ကိုယ်လေ့လာမယ့်ဧရိယာပေါ်မှာတစိုက်မတ်မတ်သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်နိုင်ရင် ဘယ်ပညာရပ်မှာမဆို၊ ဘယ်နေရာမှာမဆို ထိပ်ဆုံးကိုရောက်နိုင်တယ် ဆိုတာပါပဲ။
By Win Thazin Tun

Thank you for your sharing .....
ReplyDelete